လိင်အင်္ဂါကြွက်နို့အကြောင်း သိထားသင့်သမျှ
လိင်အင်္ဂါကြွက်နို့ (Genital Warts) ဆိုတာ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေထဲက တစ်မျိုးဖြစ်ပြီး HPV ဗိုင်းရပ်စ်ပိုး (Human Papillomavirus) ကူးစက်ခံရတာကြောင့် ဖြစ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ လိင်အင်္ဂါကြွက်နို့တွေဟာ လိင်အင်္ဂါပတ်လည်က စိုစွတ်ပြီး ချွေးအောင်းတဲ့ အရေပြားတစ်ဝိုက်မှာ အဖြစ်များတဲ့ အရေပြားပြဿနာတစ်ခုဖြစ်ပါတယ်။
ပုံစံအားဖြင့် ကြည့်မယ်ဆိုရင် သေးငယ်ပြီး အသားရောင်နဲ့ ဂေါ်ဖီပန်းပွင့်လို အသွင်အပြင် ရှိပါတယ်။ HPV ဗိုင်းရပ်စ်တွေထဲမှာ ကြွက်နို့ဖြစ်စေတဲ့ အမျိုးအစားတွေလည်း ရှိသလို တချို့သော ကင်ဆာရောဂါတွေကို ဖြစ်စေနိုင်တဲ့ အမျိုးအစားတွေလည်း ရှိပါတယ်။
ရောဂါလက္ခဏာများ
အမျိုးသမီး - မိန်းမကိုယ်နှုတ်ခမ်းသား၊ မိန်းမကိုယ်နံရံ၊ မိန်းမကိုယ်နဲ့ စအိုကြား အရေပြား၊ စအိုလမ်းကြောင်းနဲ့ သားအိမ်ခေါင်းမှာ ကြွက်နို့တွေ ပေါက်တတ်ပါတယ်။
အမျိုးသား - လိင်တံထိပ်ဖူး၊ ကိုယ်ထည်၊ ကပ္ပါယ်အိတ်အရေပြားနဲ့ စအိုဝမှာ ကြွက်နို့ပေါက်တတ်ပါတယ်။
HPV ဗိုင်းရပ်စ်ပိုးရှိသူတွေရဲ့ လိင်အင်္ဂါ၊ မိန်းမကိုယ်၊ စအိုကို လျှာ၊ နှုတ်ခမ်းနဲ့ ဆက်ဆံဖူးသူတွေမှာ ပါးစပ်နဲ့ လည်ချောင်းထဲအထိပါ ကြွက်နို့ပေါက်နိုင်ပါတယ်။
ယေဘုယျလက္ခဏာတွေအနေနဲ့
- သေးငယ်ပြီး အသားရောင်၊ အညိုရောင် ဒါမှမဟုတ် ပန်းနုရောင်သမ်းတဲ့ အနာတွေ
- အနာရဲ့ အပြင်ပိုင်းပုံစံက ဂေါ်ဖီပန်းပွင့်လို အတွန့်ဖြစ်နေတာ
- ကြွက်နို့ပေါက်နေတဲ့နေရာမှာ ယားယံပြီး သက်သောင့်သက်သာ မဖြစ်တာ
- လိင်ဆက်ဆံတဲ့အခါ ကြွက်နို့ကနေ သွေးထွက်တာ
- ပြန့်ကျဲနေတဲ့ အနာတွေကနေ စုဝေးသွားပြီး အနာကွက်အကြီး ဖြစ်လာတာ စတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။
HPV ဗိုင်းရပ်စ်ပိုးကို အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ကြွက်နို့ပေါက်နေတဲ့ လိင်အင်္ဂါနဲ့ ထိတွေ့ဆက်ဆံခြင်းကနေ ကူးစက်နိုင်ပါတယ်။ ကူးနိုင်ခြေများတဲ့ အခြေအနေတွေကတော့
- လူပေါင်းများစွာနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံတာ
- တခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါ၊ ရောဂါပိုးတွေ ရှိနေတာ
- ငယ်ရွယ်စဉ်မှာ လိင်အပျော်အပါးလိုက်စားတာ
- အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခံအားစနစ် ထိခိုက်အားလျော့နေတဲ့အခါ ပိုကူးစက်နိုင်ပါတယ်။
HPV ဗိုင်းရပ်စ်ပိုးကို ကုသပျောက်ကင်းနိုင်တဲ့ ဆေးဝါးမရှိတာကြောင့် အကောင်းဆုံးကတော့ မဖြစ်ခင် ကြိုတင်ကာကွယ်ဖို့ပါပဲ။ ကာကွယ်နည်းတွေကတော့
- တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်း
- အကာအကွယ်သုံးပြီး လိင်ဆက်ဆံခြင်း
- လိင်ဆက်ဆံဖော်၊ ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ အပြန်အလှန် ရောဂါကင်းရှင်းကြောင်း သွေးအရင်စစ်တာ
- လိင်ဆက်ဆံဖို့ သူစိမ်းဦးရေကို ကန့်သတ်တာ
- HPV ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးထိုးထားတာတွေပဲ ဖြစ်ပါတယ်။
HPV ပိုးဟာ ကြွက်နို့ကို အဓိကဖြစ်စေတယ်ဆိုပေမယ့် ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့
၁။ သားအိမ်ခေါင်းကင်ဆာ၊ မိန်းမကိုယ်ကင်ဆာ၊ စအိုကင်ဆာ၊ လိင်တံကင်ဆာ၊ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ အစရှိတဲ့ ကင်ဆာအမျိုးအစားတွေ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။
၂။ ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ HPV ပိုးရှိတဲ့အခါ ကြွက်နို့တွေက ပုံမှန်အချိန်ထက် ပိုကြီးနေတတ်ပြီး ဆီးသွားရခက်တာတွေ ဖြစ်စေနိုင်ပါတယ်။
၃။ မိန်းမကိုယ်ထိပ်နဲ့ နံရံအတွင်းမှာ ကြွက်နို့ပေါက်နေတဲ့အခါ ကလေးမွေးချိန် သွေးထွက်ပြီး ပေါက်ပြဲတာ၊ ပိုးဝင်တာတွေ ဖြစ်နိုင်ပါတယ်။
၄။ ကိုယ်ဝန်ဆောင်မိခင်ကနေ ဗိုက်ထဲက သန္ဓေသားကိုပါ ကူးစက်ပြီး မွေးလာတဲ့အချိန်မှာ အသက်ရှူလမ်းကြောင်း၊ လည်ချောင်းမှာ ကြွက်နို့ပေါက်နေတတ်ပါတယ်။ ဒီအခါ ဆရာဝန်အနေနဲ့ အရေးပေါ်ခွဲစိတ်ကုသမှုပြုလုပ်ပြီး အသက်ရှူလမ်းကြောင်းမှာ ပေါက်နေတဲ့ ကြွက်နို့ကို ဖယ်ရှားပေးမှ ကလေးက အသက်ကောင်းကောင်းရှူလို့ ရမှာပါ။
ရဲမျိုးမြတ်